အမျှအတန်းဝေရင် ချက်ချင်းရနိုင်သလား?

ပရလောကက ပုဂ္ဂိုလ်တွေအတွက်ရည်စူးပြီး ကုသိုလ်ကောင်းမှုပြုတဲ့အခါ ဒီကုသိုလ်ကောင်းမှုအတွက် အမျှအတန်းဝေရင် ချက်ချင်းရနိုင်သလား? ​🪔

ကုသိုလ်ကောင်းမှုတွေကို အမျှဝေရင် နတ်၊ ဝိဇ္ဇာ၊ ပြိတ္တာတွေက အမျှဝေတာ ခံယူနိုင်တဲ့ အခြေအနေမျိုးမှာဆိုရင်တော့ အမျှဝေတာချက်ချင်းရနိုင်ပါတယ်။​

အမျှဝေခြင်းရဲ့ကောင်းကျိုးကိုလည်း ချက်ချင်းခံစားရပြီး ဘဝပြောင်းတာ၊ လက်ရှိဘဝမှာပဲ အဆင့်မြင့်သွားတာ ဖြစ်တတ်ပါတယ်။​

ဒါပေမယ့် တစ်ချို့ပုဂ္ဂိုလ်တွေကတော့ လှူစေချင်တဲ့ ဝတ္ထုပစ္စည်းကိုလှူမှ၊ ပစ္စည်းလှူတဲ့ကုသိုလ်ကောင်းမှုအမျှရမှ ကျွတ်လွတ်တာလည်းရှိပါတယ်။​

အမျှဝေတဲ့အခါမှာ တစ်ဦးတစ်ယောက်တည်းဝေတာထက် လူအများအပြားနဲ့ အမျှဝေတာက ပိုပြီးအကျိုးသက်ရောက်မှုရှိတာလည်း တွေ့ရပါတယ်။ လူအများရဲ့ ကုသိုလ်ကောင်းမှုအားလုံးကို အမှုရတဲ့သဘောကြောင့်ပါ။​

ဘုရား၊ ရဟန္တာ၊ ဝိဇ္ဇာနတ်တို့ကို သင်္ကန်း၊ ထီး၊ ဖိနပ်၊ အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းများကို ကပ်လှူရင်လည်း ချက်ချင်းလက်ခံရရှိပါတယ်။ ကပ်လှူပြီးဖြစ်တဲ့အတွက် စွန့်ပြီးပြန်ယူသွားရင်လည်း လှူဒါန်းပစ္စည်းက သူတို့ထံမှာပဲ ကျန်ရစ်နေမှာဖြစ်ပါတယ်။​

စားဖွယ်သောက်ဖွယ်ရာတွေကို ရည်စူးကပ်လှူတဲ့အခါ ဒါမှမဟုတ် ကပ်လှူတဲ့ကုသိုလ်ကောင်းမှုကို အမျှဝေရင်လည်း ထိုပုဂ္ဂိုလ်များအားလုံးစားသုံးလို့ရပါတယ် ဆိုတာကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။